ရန်ကုန် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သုံးခွမြို့နှင့် ခရမ်းမြို့နယ်များတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးဌာနဝန်ကြီး ဦးနေလင်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးက ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်ရှိ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ပြန်ကြားရေး ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးဌာနဝန်ကြီး ဦးနေလင်းထွန်းနှင့်တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တန်းမြို့ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းခန်းမ၌ ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား တိုင်းဒေသကြီးဝန်ကြီး ဦးနေလင်းထွန်း၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ ကျောက်တန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ထောပ်ပံ့ပစ္စည်းများကို လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်ပြီး လေဘေးသင့်အိမ်ထောင်စုဝင်များအား နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
သန်လျင်ခရိုင် သုံးခွ၊ ခရမ်း၊ ကျောက်တန်းမြို့နယ်များတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု (၈၂) စုအတွက် ထောက်ပံ့ငွေကျပ် (၈၂၂၀၀၀ဝိ/) ရှစ်ဆယ့်နှစ်သိန်းနှစ်သောင်း၊ ထောက်ပံ့ပစ္စည်း (၁၆) မျိုးပါပုံး (၄၃) ပုံးတို့အား ထောပ်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)