သထုံ ဇူလိုင် ၇
မွန်ပြည်နယ်၊ သထုံခရိုင်မီးသတ်ဦးစီးမှူးရုံးမှ စီစဉ်ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေ ကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသည် မိမိတို့၏အသက်နှင့်ရင်းပြီး ရဲဝံ့စွန့်စား ဆောင်ရွက် ကြရသည်ဖြစ်ရာ ကျွမ်းကျင်မှု၊ အတွေ့အကြုံဗဟုသုတတို့ များစွာလိုအပ်ပါကြောင်း သို့ဖြစ်ရာ သတိဝီရိယနှင့် ဆောင်ရွက်ကြစေလိုပါကြောင်း သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဝေယံအောင်က သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သထုံ၊ ကျိုက်ထို၊ ဘီးလင်းနှင့် ပေါင်မြို့နယ်တို့ရှိ သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်း (၅၀) ဦးတို့အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ဗဟိုမီးသတ်သင်တန်းကျောင်းတို့၌ ဖွင့်လှစ်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေးသင်တန်းများ တက်ရောက်ပြီးစီးခဲ့သည့် နည်းပြများက ဇူလိုင်လ ၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ နှစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပြသ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်