မိုင်းပျဉ်း ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် နှင့်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအာကာတင်ဦးတို့က မြစိမ်းရောင်ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို စည်းကမ်းတကျဖြင့် စေတနာထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးဌေးက မြို့နယ်အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းမှာ ၃၁ယူနစ်၊ ကျေးရွာ ၆၁ ရွာရှိကြောင်းနှင့် ၎င်းကျေးရွာများ၏ ရန်ပုံငွေလည်ပတ်နေမှု အခြေအနေတို့အား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက်တက်ရောက်လာသော ကျေးရွာမြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်တွေ့ကြုံနေရသော အခက်အခဲများ၊ အားသာချက် အားနည်းချက်များ၊ အကျိုးကျေးဇူများကို လုပ်ငန်းကဏ္ဍများအလိုက် အဖွဲ့များဖွဲ့၍ ဆွေးနွေးတင်ပြကြရာ မြို့နယ်မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ပြန်လည်သုံးသပ်ဆွေး နွေးပြီး လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ ၃၁ယူနစ်မှကျေးရွာသူ၊ကျေးရွာသား ၆၂၅ဦးက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အသက်မွေးဝမ်းကြောင်းစသည့် လုပ်ငန်းအမျိုးအစားအလိုက် မြစိမ်းရောင်ရန်ပုံငွေ စုစုပေါင်းကျပ်သန်း ၉၁၈ ဒဿမ ၀၅၀ထုတ်ချေး ငွေဖြင့်အကောင်အထည်ဖော်ဆောင်ရွက် နေကြောင်း သိရသည်။
မေမွန်ထွဋ်၊ပြန်/ဆက်