ချမ်းမြသာစည် ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)နှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်စွာထွန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၅၁ ဦး တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မိုးရာသီ သစ်ပင်စိုက်ပျိုးမည့်နေရာ၌ နေရာယူ၍ ဝန်ကြီးချုပ်မှ ဦးဆောင်ကာ မယ်ဇယ်ပင်အား စိုက်ပျိုးပေးခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသူများက မယ်ဇယ်ပင်၊ ခရေပင်၊ ကျွန်းပင်၊ စိန်းပန်းပင်၊ ပိတောက်ပင်၊ ရေတမာပင်၊ တမာပင်၊ ယင်းမာပင် စုစုပေါင်း ၆၆၀ သစ်ပင်များ စိုက်ပျိုးထားရှိမှုအား လိုက်လံကြည့်ရှုအားပေးကာ မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရခြင်းမှာ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပေါ့စေရေး၊ မိုးခေါင်ရေရှားပါးမှုနှင့် အပူဒဏ်ကာကွယ် စေရေး၊ စိမ်းလန်းစိုပြည်စေရေးတို့အတွက် စိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)