ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နတ်လှောင်ကျောင်း၏  ဗိသုကာပညာနှင့် ဟိန္ဒူမတ်ရပ်နတ်ရုပ်များ၊ တိုင်ကပ်အင်္ဂတေပန်းများ လေ့လာနိုင်

ညောင်ဦး ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေခရီးသွား ဘုရားဖူး လေ့လာရေးရောက်ရှိခဲ့ပါက နတ်လှောင်းကျောင်းတည်ဆောက်ပုံဗိသုကာပညာနှင့် ဟိန္ဒူမတ်ရပ်နတ်ရုပ်များ၊ တိုင်ကပ်အင်္ဂတေပန်းများကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲမှ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နတ်လှောင်းကျောင်းသည် ပုဂံတွင်တစ်ခုတည်းသော ဟိန္ဒူဘုရားကျောင်းဖြစ်ပြီး (၁၁) ရာစုခန့်တွင်တည်ဆောက်ခဲ့ကြောင်း၊ အဆောက်အအုံ၏ တည်ဆောက်မှုဗိသုကာလက်ရာမှာ အလယ်ဗဟိုမဏ္ဍိုင်နှင့်စင်္ကြံပတ်လမ်း တိုက်မပိုင်းတို့ဖြင့် တည်ဆောက်ထားသည်။ ဘုရားကျောင်းမှာ ဗိဿနိုးနတ်မင်းကို ရည်စူးပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆောက်အဦ၏ အပြင်ဘက်နံရံပတ်လည်တွင် ဗိဿနိုး နတ်မင်း၏ ဖြစ်တော်စဉ်(၁၀)ဘဝကို သရုပ်ဖော်ပြထားသည်။ ဂေါတမဘုရားသခင်သည် ကိုးခုမြောက် ဟိန္ဒူဘုရား၏ ဘဝဖြစ်စဉ်တွင် အပါအဝင်အဖြစ် ဖော်ပြထားသည်။ ဘုရား ကျောင်း၏ အလယ်မဏ္ဍိုင်လေးမျက်နှာတစ်ဘက်တစ်ချက်ရှိ မုခ်ကပ်များတွင် တိုင်ကပ် အင်္ဂတေပန်းများဖြင့် တန်ဆာဆင်ထားပြီး ဟိန္ဒူမတ်ရပ်နတ်ရုပ်နှင့် ဘုရားများကို တွေ့ရှိနိုင်သည်။ ဗိဿနိုးနတ်မင်း၏ ကိုယ်စားနတ်ရုပ်များကို အုတ်များဖြင့် စနစ်တကျထုလုပ်ထား သည်ကို လေ့လာတွေ့ရှိနိုင်သည်။ နံရံဆေးရေးပန်းချီအနည်းငယ်ကျန်ရှိနေသေးပြီး ဟိန္ဒူနတ်ရုပ်များရေးဆွဲထားသည်။ ဘုရားကျောင်းအတွင်း လေဝင်လေထွက်စနစ်နှင့် အလင်းဝင်စနစ်များဖြင့် တည်ဆောက်ထားသည့် ဗိသုကာပညာရပ်များကို နတ်လှောင်းကျောင်းတွင် လေ့လာနိုင်သည်။

နတ်လှောင်းကျောင်း၏ အရှေ့ဘက်ကပ်လျက် သဗ္ဗညုဘုရား၊ သီပေါမင်းတည်ထားခဲ့သည့် ရာဇမုနိဘုရား(ခေါ်) ကိုးတောင်ပြည့်ဘုရား၊ မြောက်ဘက်တွင် နန်းဦးဘုရား၊ သံတော်ကြားဘုရား၊ ပိဋကတ်တိုက်၊ အနောက်ဘက်တွင် ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရားတို့ကို တစ်ဆက်တစပ်တည်းဖူးမြော်နိုင်သည်။

ဒီပါလင်း