ချမ်းအေးသာစံ ဇူလိုင် ၇
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)၊ တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး(DHCC)တို့ ပူးပေါင်းကျင်းပသော အထက်မြန်မာပြည်နည်းပညာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ရတနာပုံစူပါစင်တာ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Ms.GaoPing က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)ဥက္ကဋ္ဌ ဦးတင်လတ်က အမှာစကား ပြောကြားခြင်း၊ တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး(DHCC) တာဝန်ခံ Mr.Li Qi Gui က အမှာစကားထပ်မံပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ဟုန်းသက်မွေးနည်းပညာကောလိပ်မှ ပါမောက္ခချုပ် MR. MEI XUE NENG က အမှာစကားပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ အထက်မြန်မာပြည် နည်းပညာသင်တန်းများတွင် သင်တန်းအမျိုးအစားရှစ်ခုပါဝင်ပြီး သင်တန်းကာလကို ဇူလိုင် ၇ ရက်နေ့မှ ဇူလိုင် ၁၀ ရက်နေ့အထိ နံနက်ကိုးနာရီမှ ညနေလေးနာရီအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၄၂ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)