နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနား တက်ရောက်

နေပြည်တော် ဇူလိုင် ၇

‌နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ နေပြည်တော်အတွင်း ငလျင်ဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် အသိပညာ‌ပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမင်းဦးနှင့် ဦးထွန်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်‌ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက ကျောင်းသား၊ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များ၏ဆောင်ရန်၊ ရှောင်ရန်များကိုလေ့လာကြပြီး မိမိ၏ပတ်ဝန်းကျင်တွင် ပြန်လည်ပြီး အသိပညာများဖြန့်ဝေပေးကြရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်သည် တားဆီး၍မရနိုင်သော်လည်း ထိခိုက်ဆုံးရှုံးမှုနည်းအောင်ကြိုတင်ပြင်ဆင်ခြင်းအပိုင်းတွင် ဇာတ်တိုက်လေ့ကျင့်ခြင်းဖြင့် ဘေးအန္တရာယ်များ၏ ထိခိုက်မှုကိုလျော့သွားအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားမှရရှိလာသည့် အသိပညာ၊ အတတ်ပညာများကို မိမိ၏လုပ်ငန်းခွင်၊ ရပ်ရွာနှင့် အသိုင်းအဝိုင်းများတွင် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များက ဇာတ်တိုက်လေ့ကျင့်ခန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းအုပ်ဆရာမကြီးအား အမှတ်တရ လက်ဆောင်များ အသီးသီးပေးအပ်ခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်မှုအဖြစ် ငလျင်လှုပ်ခတ်ခြင်း၊ အကြောင်းအချက်ပေးခြင်းနှင့်အတူ ကျောင်းသား/ကျောင်းသူများက ဝပ်၊ ကာ၊ ကိုင် ပုံစံဖြင့်နေရာယူခြင်း၊ ငလျင်လှုပ်ခတ်မှုငြိမ်သက်ပါက အဆောက်အအုံနှင့် လွတ်ကင်းရာကွင်းပြင်နေရာများတွင် နေရာယူခြင်းတို့ကို သရုပ်ပြသကြပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသရုပ်ပြခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစုခြင်း သရုပ်ပြသခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက ဆေးဝါးကုသမှုသရုပ်ပြသခြင်းနှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းအဖွဲ့က ယာဉ်၊ ယန္တရားများဖြင့် ဘေးကင်းလုံခြုံသည့်နေရာများသို့ ပို့ဆောင်ပေးခြင်း စသည့်သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)