ကွမ်းခြံကုန်းမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုဖြစ်ပွားခြင်းနှင့် ထောက်ပံ့မှုများ ပေးအပ်

ကွမ်းခြံကုန်း ဇူလိုင် ၇

ကွမ်းခြံကုန်းမြို့နယ်တွင် ဇူလိုင် ၅ ရက်နေ့ ညနေ ၆ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မယ်ရကုန်းကျေးရွာအုပ်စု၊ တိုက်ကုန်းကျေးရွာတွင် ဓနိမိုး၊ ဝါခင်း၊ ထရံကာအိမ် (၁) လုံး၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ကာအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ပြီး သွပ်မိုး၊ ဝါခင်း၊ ထရံကာအိမ် (၁) လုံးနှင့် သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ကာ၊ ပျဉ်ခင်းအိမ် (၁) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းများ၊ စုစုပေါင်းအိမ် (၄) လုံး ဖြစ်ပွားခဲ့ပါသည်။

အဆိုပါဖြစ်ပွားရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မုဒိတာလူမှုကူညီရေးအသင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိပါကြောင်းနှင့် ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်ကလေဘေသင့် တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးခဲ့သည့် အိမ် (၂) လုံးအတွက် တစ်အိမ်လျင်ငါးသောင်းကျပ်နှင့် ပြိုကျပျက်စီးခဲ့သည့် အိမ် (၂) လုံးအတွက် တစ်သိန်းကျပ် စုစုပေါင်းသုံးသိန်းကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)