ဇမ္ဗူသီရိ ဇူလိုင် ၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၊ သူနာပြုသိပ္ပံနှင့်သူနာပြုသင်တန်းကျောင်းအတွင်းသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို မိုးရာသီကာလအတွင်း သစ်ပင်သစ်ကိုင်းများ ကြောင့် ဓာတ်အားပြတ်တောက်မှုများမဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးတို့ကိုရည်ရွယ်၍ ဇူလိုင် ၅ရက်နေ့က ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို အင်ဂျင်နီယာချုပ်ရုံး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှ ဝန်ထမ်းများစုပေါင်း၍ လိုင်းမင်းအင်အား ၆၅ ယောက်ဖြင့် ဓာတ်အားလိုင်းများတစ်လျှောက်ရှိ လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်နိုင်သော သစ်ကိုင်းများ၊ ဓာတ်အားခွဲရုံအတွင်း ပေါက်ရောက်နေသော ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် မိုးရာသီကာလအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ဓာတ်အားလိုင်းများနှင့် သစ်ပင်သစ်ကိုင်းများထိစပ်မှုကြောင့် ဖြစ်ပေါ်နိုင်သည့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် လျှပ်စစ်အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး နေပြည်တော်ခုတင်(၁၀၀၀)ပြည်သူ့ ဆေးရုံကြီး၊ သူနာပြုသိပ္ပံနှင့် သူနာပြုသင်တန်းကျောင်းတို့တွင် လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းရှင်းစွာ အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
နီလာ(ပြန်/ဆက်)