ဒဂုံတောင် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာပေဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၅ ရက်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်းကာ မောင်အေးကို (ပေါင်းတလည်)၏ ဝတ္ထုတိုတစ်ပုဒ်ဖန်တီးခြင်း စာအုပ်မှ "ရှုထောင့်ဆိုင်ရာ အတွေးများ" ခေါင်းစဉ်ပါအကြောင်းအရာဖြင့် စာဖတ်ဝိုင်းဆွေးပွဲကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ နေစိုးသော်က စာအုပ်ပါအကြောင်းအရာများထဲမှ မှတ်သားဖွယ်ရာအချို့ကို ဆွေးနွေးပြောကြားပြီး အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ သက်ဝေမောင်၊ စာရေးဆရာ ထီလာကျော်၊ စာရေးဆရာ သက်ဝေမောင်၊ ဆရာမ လမင်းအိမ် (ဥပဒေ) တို့က စာရေးဆရာ၏ စာရေးသားခြင်း ရည်ရွယ်ချက်၊ စာပေရေးသားရာတွင် ရှုထောင့်၏အရေးပါပုံများ ရေးသားမှု၊ ဖန်တီးမှုနည်းလမ်းများကို ဖတ်ကြားဆွေးနွေးကြသည်။ ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များကို စိတ်ဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးအောင် (ပြန်/ဆက်)