စစ်တွေ ဇူလိုင် ၆
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိအနေဖြင့် နေပြည်တော်၌ စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေး၊ MSME ဗဟိုကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်များအားမှတ်သားခဲ့ပြီး မိမိတို့အစိုးရအဖွဲ့နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ထပ်ဆင့်ရှင်းလင်းခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်နယ်အတွင်းစာရေရိက္ခာဖူလုံစေရေးအတွက် အမြန်ဆုံးဆောင်ရွက်သင့်သည်များကို ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသထွက်ကုန်များကိုလည်း တိုးချဲ့ထုတ်လုပ်နိုင်ရေးအတွက် ဒေသတွင်းလုပ်ငန်းရှင်များအား စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးကောင်းလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံဝန်ထမ်းများသည်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီဖြင့်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရန်အတွက်လည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခြေခံစားဝတ်နေရေးအဆင်ပြေစေရန် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် MSME လုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်လိုအပ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး MSME လုပ်ငန်းများသို့ သွားရောက်လေ့လာကာ လုပ်ငန်းများလည်ပတ်နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း ပြည်တွင်းရင်းနှီးမြှပ်နှံသူများကို ဦးစားပေးကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဘဏ္ဍာငွေသုံးစွဲရာတွင်လည်း လေလွင့်ဆုံးရှုံမှုမရှိစေရေး၊ ဝန်ထမ်းများသက်သာချောင်ချိရေး လိုအပ်မှုမရှိသောနေရာများတွင် မသုံးစွဲစေရေး၊ အမှန်တကယ်အကျိုးရှိမည့် လုပ်ငန်းများကို လုပ်ဆောင်နိုင်ရေး ရေးဆွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေးအတွက် အရည်အသွေးကောင်းသော ပေါ်ဆန်းစပါးများ စိုက်ပျိုးနိုင်ရေး ရေငံဒဏ်ခံနိုင်သော စပါးမျိုးများ စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများစိုက်ပျိုးနိုင်ရေးအတွက် မြေပဲကိုစိုက်ပျိုးသွားရန်နှင့် နေကြာကိုစမ်းသပ်စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ အလားတူ ပြောင်းစိုက်ပျိုးနိုင်ရေး၊ ငှက်ပျောပင်စိုက်ပျိုးနိုင်ရေး ကျောင်းနေအရွယ် ကလေးများ အားဖြည့်အစားအစာများဖြစ်သည့် နွားနို့၊ ငှက်ပျောသီးများတိုက်ကျွေးနိုင်ရေး နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားကြောင်း၊ အခြေခံပညာကျောင်းများတွင် အားကစားကွင်းများ ကောင်းမွန်ရေး၊ ရပ်ကွက်အားကစားကွင်းများကောင်းမွန်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူအားကစားကွင်းများ အဆင့်မြင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ကျွဲနှင့်နွားများ ပိုမိုတိုးတက်မွေးမြူနိုင်ရေး မွေးမြူရေးဇုန်များဖြင့် တစ်အုပ်တစ်မမွေးမြူဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် နို့စားနွားများကိုပါ ထည့်သွင်းမွေးမြူသွားရန်လိုကြောင်း၊ အလားတူ ကြက်၊ ဝက်၊ ဆိတ်နှင့် ငါးများကိုလည်း တိုးချဲ့မွေးမြူ သွားကြရန်လိုကြောင်း၊ ထို့ပြင် မြို့နယ်များလျှပ်စစ်မီးများရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဌာနများက မီးလိုင်းများကောင်းမွန်စေရေး စစ်ဆေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများရေလုံလောက်စွာရရှိရေးအတွက် လိုအပ်သည့်လုပ်ငန်းများကို စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မွေးမြူရေးကုန်ထုတ် သမဝါယမအသင်းများဖွဲ့စည်းနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများအတွက် ချေးငွေများထုတ်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများက အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများက သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီစေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့်ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး