ပျော်ဘွယ်မြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)ဖွင့်လှစ်

ပျော်ဘွယ် ဇူလိုင်

ရမည်းသင်းခရိုင်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ပျော်ဘွယ်မြို့နယ်အတွင်းရှိ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)ဖွင့်လှစ်ခြင်းကို ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီက အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်)၌ ကျင်းပသည်။

ဦးစွာ အမှတ်(၈)အထည်စက်ရုံမှ စက်ရုံမှူး ဦးသန့်စင်အောင်က စက်ရုံအတွင်း မီးဘေးလုံခြုံရေးနှင့် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းဆွေးနွေးပြီး ရမည်းသင်းခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်ရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအမျိုးမျိုးတို့မှ ကာကွယ်နိုင်ရန်အတွက် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား အကြိုအခြေခံမီးသတ်ပညာသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် သင်တန်းကို ဆက်လက်ပို့ချရာ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဆန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မိုးသန့်နှင့် ဌာနဆိုင်ရာများက လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း၊ သင်တန်းတွင် မီးငြိမ်းသတ်ရေးဘာသာရပ်များကို စာတွေ့၊ လက်တွေ့ပို့ချသွားမည်ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးဘာသာရပ်ကိုလည်း စနစ်တကျပို့ချသွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၃၅ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလာ ရက်သတ္တနှစ်ပတ်ကြာမြင့်ဖြစ်ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)