နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကျင်းပ

ပုသိမ်ကြီး ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လက်သစ်ကျေးရွာ၊ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ သုန္ဒရာရာမကျောင်းတိုက် ဇေတဝန်ဓမ္မာရုံ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ကြသည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး လက်သစ်ကျေးရွာနေ ပြည်သူများထံ ကျေးရွာမြေငှားဂရန်များကို ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူများက အသီးသီးပေးအပ်ကြသည်။ ထို့နောက် ကျေးရွာမြေငှားဂရန် ရရှိသည့် လက်သစ်ကျေးရွာပြည်သူများကိုယ်စား ဦးမြင့်တိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ စီမံချက်ဖြင့် လက်သစ်ကျေးရွာတွင် အိမ်ထောင်စု (၂၇၅) စု၊ လူဦးရေ (၁၀၀၀) ကျော် ရှိပြီး၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ ကျေးရွာမြေများအား ကျေးရွာမြေငှားဂရန် စုစုပေါင်း (၁၄၃)ခုအား မြေငှားဂရန်များ ထုတ်ပေးခဲ့‌ကြောင်း သိရသည်။

ရွှေရန်ကင်း