မလှိုင် ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် သမဝါယမဦးစီးဌာနကကြီးမှူး၍ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် ဝါစိုက်တောင်သူများသို့ မျိုးနှင့်သွင်းအားစုများပေးအပ်ပွဲကို မလှိုင်မြို့နယ်၊ သပြေပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းရှိဓမ္မာရုံတွင် ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မိုးနှောင်းဝါစိုက်ပျိုးသည့် သပြေပင် စိုက်ထွေသမဝါယမအသင်း၊ ဘီးဇတ်ကုန်းစိုက်ထွေသမဝါမအသင်းနှင့် လယ်တာကောင်း စိုက်ထွေသမဝါယမအသင်းများမှအသင်းသား ဝါစိုက်တောင်သူ ၁၂၉ ဦးတို့၏ ဝါစိုက်ဧက ၂၀၀ အတွက် အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် တစ်ဧကလျှင် သုံးသိန်းကျပ်နှုန်းနှင့်ညီမျှသည့် မျိုးနှင့်သွင်းအားစုများအား (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့၌ အဆိုပါသပြေပင်ကျေးရွာ၊ ဓမ္မာရုံတွင် ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်လင်းကိုနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်ကြည်တို့က ဝါစိုက်တောင်သူအသင်းသားများထံသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)