၂၀၂၆ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၃ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၆

၂၀၂၆ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၃ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများသည် ၂၀၂၆ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၃ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ လေးယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲဗိုလ်လုပွဲစဉ်ဖြစ်သည့် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် သုံးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းမှ မောင်ဇင်မင်းဦးအား နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခွန်မျိုးမြရှိန်က ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ လေးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းမှ မောင်ဟိန်းသုတနိုင်အား နေပြည်တော်ကောင်စီညွှန်ကြားရေးမှူး ဦးတေဇာအောင်က ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ အမျိုးသားသုံးဦးတွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ပုဗ္ဗသီရိမြို့နယ်အသင်းအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးဇော်မြင့်ဦးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား ‌နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က တစ်ဦးဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ လေးဦးတွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား နေပြည်ဝောာ်ကောင်စီဝင် ဦးထွန်းထွန်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သုံးဦးတွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းနှင့် လေးဦးတွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက တံခွန်စိုက်ဖလားတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(‌ဇေယျာမြေ)