တိုက်ကြီးမြို့နယ် ဥက္ကံမြို့၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျမှုနှင့် အမိုးလန်ပျက်စီးသည့် နေအိမ်များအား ထောက်ပံ့ပေးအပ်

တိုက်ကြီး ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ ယမန်နေ့ ညနေ ၅ နာရီ မိနစ် ၅၀ အချိန်ခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တောင်ပို့လှကျေးရွာအုပ်စု၊ ပိုးတီကုန်းကျေးရွာတွင် နေအိမ်ပြိုကျမှုနှင့် နေအိမ်များအမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးသင့် အိမ်ထောင်စုများအတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက လေဘေးသင့်ပြည်သူ ဦးစိုးလွင်၏ နေအိမ်ရှေ့၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြိုကျနေအိမ် ၁ လုံး၊ အမိုးလန်ပျက်စီးနေအိမ် ၉ လုံးတို့အတွက် လေဘေးသင့် အိမ်ထောင်စုတစ်စုလျှင် ဆန် ၆ ပြည်၊ ဆီ ၁ ပိဿာ၊ ခေါက်ဆွဲခြောက် ၈ ထုပ်၊ ငါးသေတ္တာ ၂ ဗူးနှင့် ဆေးစိမ်ခြင်ထောင် ၁ လုံးတို့ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)