တံတားမြို့ လူထုအခြေပြုဗဟိုဌာနCommunity Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ် 

တံတား ဇူလိုင် ၆

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  စာပေဝါသနာရှင်များနှင့် (YouthClub)အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့်“‌ အောင်မြင်ခြင်းရဲ့အုတ်မြစ်” စာအုပ်ဖြင့် ယနေ့နံနက်(၉)နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦးစာပေဗဟုသုတများ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင်(Youth Club) အဖွဲ့ဝင် မသိမ့်သိမ့်ဦးက “ ပညာကိုမြတ်နိုးသော”‌ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် ပညာဆိုသည်မှာ ကျောင်းကပေးသော ဘွဲ့လက်မှတ်တစ်ခုတည်းကို မဆိုလိုဘဲအမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိသည့်"အသိပညာ" ဖြစ်ကြောင်း၊ ပညာကို မြတ်နိုးတန်ဖိုးထားသော လူ့အဖွဲ့အစည်း ဖြစ်မှသာ ရေရှည်ခိုင်မြဲသော အောင်မြင်မှုကို တည်ဆောက် နိုင်မည်ဖြစ်ကြောင်း၊ ပညာကို အမှန်တကယ်မြတ်နိုးသူသည် "ငါ အကုန်သိပြီ" ဟူသော မာန်မာနကို စွန့်လွှတ်ကာ မိမိကိုယ်ကိုယ် အမြဲရေတစ်ဝက်သာရှိသေးသည့် ခွက်တစ်ခုကဲ့သို့ သဘောထားတတ် ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လျင်မြန်စွာပြောင်းလဲနေသော ယနေ့ခေတ်ကြီးတွင် နောက်ကျ ကျန်မနေခဲ့စေရန် မိမိတို့၏ အရည်အသွေးများကိုစဉ်ဆက်မပြတ် မြှင့်တင်နေရမည်ဖြစ်ကြောင်း၊ စာတတ်ရုံမျှဖြင့် မလုံလောက်ဘဲ နှလုံးသားကပါပညာကို မြတ်နိုးပြီး ကိုယ်ကျင့်တရားကောင်းမွန်သည့် 'လူတော်၊ လူကောင်း' ဖြစ်လာရန်လို အပ်ကြောင်း အကျယ်တဝင့်‌ဆွေးနွေးပြီးနောက် (Youth Club)အဖွဲ့ဝင် မအိအိမိုးမှ “အောင်မြင်ကြောင်းတရား” ခေါင်းစဉ်ဖြင့်ဆက်လက်‌ဆွေးနွေးရာတွင် ဘဝတွင်စစ်မှန်သော အောင်မြင်မှုရရှိရန်အတွက်ကျင့်သုံးရမည့်စည်းကမ်းရှိမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊  ဇွဲလုံ့လဝီရိယရှိမှုနှင့် အခက်အခဲများကိုစိတ်ပညာရှုထောင့်မှ ရင်ဆိုင်ကျော်လွှားရမည့် နည်းလမ်းများ၊ အောင်မြင်ခြင်းဆိုသည်မှာ ရုတ်တရက်ရောက်ရှိလာခြင်းမျိုး မဟုတ်ဘဲ နေ့စဉ်တန်ဖိုးထား စောင့်ထိန်းရသည့် ကိုယ်ပိုင်စည်းကမ်း၊ ထားရှိရမည့် ဇွဲလုံ့လဝီရိယတို့နှင့်သာ တည်ဆောက်ယူရခြင်းဖြစ်ကြောင်း၊  အောင်မြင်လိုသူတစ်ဦးအတွက် တိကျခိုင်မာသော ရည်မှန်းချက်ပန်းတိုင်ရှိရန်လိုအပ်ပြီး၊ ထိုပန်းတိုင်သို့ရောက်ရှိရန် နေ့စဉ်ခြေလှမ်းမှန်မှန်ဖြင့် မဆုတ်မနစ် ကြိုးစားအားထုတ်ရမည့် အချက်များကို မိမိတို့၏ ကိုယ်ပိုင်အတွေးအမြင်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍တက် ရောက်လာကြသည့် စာပေဝါသနာရှင်များမှလည်း မိမိတို့ဖတ်ရှု နားလည်ထားသည့် စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင် ဗဟုသုတများဖလှယ်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသစာအုပ်၊စာစောင်များနှင့် အသိပညာ‌ပေးနံရံကပ်စာစောင်များကိုတက်ရောက်လာသော စာပေဝါသနာရှင် ကျောင်းသား၊‌ ကျောင်းသူများ က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုငှားရမ်းခဲ့ကြောင်း သိရသည်။

လှိုင်သူဇာ(ပြန်/ဆက်)