ကျောက်မဲ ဇူလိုင် ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်နှင့် သဘာဝမြေဩဇာအသုံးချမှုစနစ် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား အသိပညာပေးခြင်းနှင့် အီးအမ်ဘိုကာရှီ (EM Bokashi) မြေဆွေးပုံ လက်တွေ့ပြုလုပ်ပြသခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေ တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောသိန်းထိုက်က စိုက်ပျိုးမြေများ မြေဆီလွှာအရည်အသွေး ကျဆင်းလာမှုကို ကာကွယ်နိုင်ရေးအတွက် ဓာတ်မြေဩဇာများကို စနစ်တကျ လျှော့ချသုံးစွဲရန်နှင့် သဘာဝမြေဩဇာများ ပြောင်းလဲသုံးစွဲခြင်းဖြင့် ရရှိနိုင်မည့် ရေရှည်အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာကြသူများအား စိုက်ပျိုးရေးလုပ်ငန်းတွင် အလွယ်တကူ ပြုလုပ်အသုံးပြုနိုင်ပြီး မြေဆီလွှာကို များစွာအထောက်အကူပြုသည့် အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပုံ ပြုလုပ်နည်းအဆင့်ဆင့်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ရှေ့မှောက်တွင် လက်တွေ့သရုပ်ပြသ၍ စနစ်တကျ ရှင်းလင်းပြသခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲသို့ ကျောက်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများအပါအဝင် စုစုပေါင်း အင်အား (၈၀) ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်