မိုင်းခုတ်မြို့၌ တစ်ပိုင်တစ်နိုင် ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိ

မိုင်းခုတ် ဇူလိုင် ၆

​ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြရာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် အိမ်ခြံဝင်းအတွင်း၌လည်းကောင်း၊ ယာခင်းများ၌လည်းကောင်း တစ်ပိုင်တစ်နိုင် ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

​ပြောင်းဖူးစိုက်ပျိုးခြင်းသည် အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက စိုက်ပျိုးရလွယ်ကူပြီး သက်တမ်းတိုတိုဖြင့် ဆွတ်ခူးရောင်းချနိုင်ခြင်းတို့ကြောင့်မိသားစုအပိုဝင်ငွေရရှိရန် ပိုမိုစိုက်ပျိုးလာကြခြင်းဖြစ်သည်။ စားသုံးသူကြိုက်နှစ်သက်ပြီး ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးများကို အဓိကထားစိုက်ပျိုးကြသည်။ ပြောင်းဖူးသည် စိုက်ပျိုးပြီး ရက်ပေါင်း (၇၅) ရက်မှ (၉၀) ဝန်းကျင်အတွင်း စတင်ဆွတ်ခူး​ရောင်းချနိုင်ကြောင်း အမှတ်(၂)ရပ်ကွက်မှ ဦးစိုင်းခမ်းကျောက်က ပြောသည်။

မိုင်းခုတ်မြို့တွင်  ဒေသထွက်ပြောင်းဖူးများကို စည်ပင်သာယာဈေးမရှိသဖြင့် ပလိုင်းထဲတွင် ပြောင်းဖူးများကို စီးကာ တစ်စီးလျှင် နှစ်ထောင်ကျပ်ဖြင့် လိုက်လံရောင်းချကြကြောင်း၊ လတ်ဆတ်ပြီး အရသာကောင်းမွန်သည့်အပြင် ပိုးသတ်ဆေးသုံးစွဲထားခြင်းမရှိသည့်အတွက် စာသုံးသူများ အကြိုက်တွေ့လျက်ရှိကြောင်း၊စီးပွားဖြစ်စိုက်ပျိုးရောင်းချခြင်းမရှိသော်လည်း မိမိတို့၏မြေကွက်လပ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေးနှင့် လူမှုစီးပွားရေးဘဝကိုအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်(ပြန်/ဆက်)