မိုင်းကိုင် ဇူလိုင် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစွာ ရရှိစေရေး၊ ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသစရိတ် လျော့ကျစေရေးအတွက် ရည်ရွယ်၍ လွိုင်လင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများပါဝင်သည့် ဆေးကုသရေးအဖွဲ့သည် ဇူလိုင်လ ၅ ရက်နေ့ က မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံ၌ အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကွင်းဆင်း ဆေးကုသမှုတွင် လွိုင်လင်ခရိုင်၊ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်သူနှင့် အထွေထွေရောဂါကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းအထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများက သံဃာတော်များ၊ ဒေသခံပြည်သူများအား အခမဲ့ရောဂါရှာဖွေခြင်း၊ ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ရဟန်းရှင် လူ၊ ပြည်သူ လူနာဦးရေ စုစုပေါင်း (၆၂၀) ဦးတို့အား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထိုသို့ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်တင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းလှိုင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)