မူဆယ် ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ် ကျောင်းဆိုင်းဘုတ်သစ် ဖွင့်ပွဲနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများနှင့် အောင်မြင်အောင် သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများအား ဂုဏ်ပြုခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းဆိုင်းဘုတ်ရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ကျောင်းဆိုင်းဘုတ်သစ်အား မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်အောင်၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ အမွှေးနံ့သာများဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။ ယင်းနောက် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူများနှင့် အောင်မြင်အောင် သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ကျင်းပရာ မူဆယ်ခရိုင်အုပ်ချုပ်ရေးမျူး ဦးစန်းမင်းက အမှာစကားပြောကြားခဲ့ပြီး၊ ဂုဏ်ထူး ၄ ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် လူရည်ချွန်ကျောင်းသား မောင်ထွန်းထက်အောင်အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် အောင်မြင်အောင် သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး၊ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်ပြန်/ဆက်