ညောင်ရွှေမြို့၌ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ပို့ချ

ညောင်ရွှေ ဇူလိုင် ၆

ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းတာဝန်ဆောင်ရွက်ရာ၌ ဥပဒေအသိပညာများဖြင့် တာဝန်ထမ်းဆောင်နိုင်စေရန်၊ နိုင်ငံသားများအား ဥပဒေအသိပညာ ပြန်လည်မျှဝေပေးနိုင်စေရန်နှင့် ဥပဒေ၏အကူအညီပေးမှု၊ အကာအကွယ်ပေးမှုများကို ရရှိစေနိုင်ရန်ရည်ရွယ်၍ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပို့ချခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးအောင်စိုးမိုးနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများဖြစ်ကြသည့် ဒေါ်သင်းယမုံမြင့်၊ ဦးသူရနိုင်၊ ဒေါ်ဆုပြည့်ပြည့်နိုင်တို့က ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အခြေခံသိသင့်သိထိုက်သည့် ဥပဒေ၊ နည်းဥပဒေ (၁၁) ခုတို့ကို အသီးသီးဆွေးနွေးပို့ချခဲ့ကြသည်။

သင်တန်းအပြီးတွင် တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ဥပဒေအရာရှိနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းဦးနှင့် မြို့နယ်ဥပဒေအရာရှိတို့က သင်တန်းပြီးမြောက်ကြောင်း ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၄၆) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ