ကျောက်ဆည် ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့က ကျောင်းကျန်းမာရေးလုပ်ငန်းများကို အ.မ.က (၇) မူလွန်၊ အ.မ.က (၈) မူလွန်၊ အ.မ.က (၆)၊ အ.မ.က (၁၀) ကျောင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကျောင်းကျန်းမာရေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ လက်ဆေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး၊ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် နည်းစနစ်မှန်ကန်စွာ သွားတိုက်နည်း၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကူးစက်ရောဂါများအကြောင်း သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းတာခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အမြင်အာရုံကောင်းမွန်မှု ရှိ/မရှိ၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ စစ်ဆေးပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြပြီး လိုအပ်သော ဆေးဝါးများအား တိုက်ကျွေးခဲ့သည်။
သက်မောင်(ကျောက်ဆည်)