မန္တလေး ဇန်နဝါရီ ၂၃
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာစောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များအားရှင်းလင်းခြင်းကို ယမန်နေ့ နံနက်၁၀နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲအုပ်ကမ်အောင်မြင့်၊ ရဲအုပ်ဇာနည်အောင်နှင့် အောင်မြေသာစံမြို့နယ်၊ အမှတ်(၄)နယ် မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မျိုးသိန်းတို့က ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းခြင်း၊ လူကုန်ကူးကိစ္စရပ်များနှင့် ပတ်သက်၍ သံသယရှိပါက အရေးပေါ်ဆက်သွယ်ရန် Hot Line ဖုန်းနံပါတ်များအား ဖြန့်ဝေခြင်း၊ ရပ်ကွက်အတွင်းနေ ကလေးသူငယ်များအား လူကုန်ကူးမှုကျူးလွန်ခံရခြင်းမရှိစေရေး၊ အဓမ္မလုပ်အားခိုင်းစေခြင်း၊ လိင်အမြတ်ထုတ်ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်းများ ဖြစ်ပွားမှုမရှိစေရေးတို့အတွက် အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်(၅၀)စောင် ဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာကပ်ခြင်းတို့ကိုဆောင်ရွက်ကြပြီး ကလေးသူငယ်မှုခင်းကိစ္စများ၊ လူကုန်ကူး/လူမှောင်ခို၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာများနှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာများတွေ့ရှိပါက ဆက်သွယ်သတင်းပေးကြရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)