နေပြည်တော် ဇူလိုင် ၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး” ရက်(၁၀၀)စီမံကိန်း လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါဦးစီးဌာနရုံးရှိ Incubation Center ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပြများနှင့် သင်တန်းသူ/သားများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျကအမှာစကားပြောကြားရာတွင် ရက်(၁၀၀)အတွင်း ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍ ဈေးနှုန်းသက်သာပြီး အရည်အသွေးပြည့်မီသည့် ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများမှတစ်ဆင့် အသေးစား၊ အငယ်စားလုပ်ငန်းများအထိ ချဲ့ထွင်နိုင်စေရန်အတွက် ယခုကဲ့သို့ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများသည် MSME လုပ်ငန်းများ၏ Micro ကဏ္ဍတွင် ပါဝင်နေသဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျပြီးအရေးပါသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်သူများအနေဖြင့် ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများကို စွန့်ဦးတီထွင်မှုစိတ်ဓာတ်ဖြင့် ထုတ်လုပ်ပြီး ဈေးကွက်ထိုးဖောက်အောင်မြင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် မိမိတို့၏ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင် အားထည့်ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက စက်ချုပ်နည်းပညာသင်တန်းဆင်းများအတွက် အပ်ချုပ်စက်နှင့် ဆက်စပ်လုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း၊ Snack အမျိုးမျိုးနှင့် ယိုမျိုးစုံထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းများအတွက် အာလူးလှီးစက်၊ အခြောက်ခံစက်၊ ခြေနင်းအိတ်ပိတ်စက်၊ ဂတ်စ်အိုးနှင့် ဂတ်စ်မီးဖိုများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး သင်တန်းသားများ၏ ထုတ်ကုန်ပစ္စည်းလက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)