ဒဂုံဆိပ်ကမ်း ဇူလိုင် ၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း အသက်၁၈ နှစ်ပြည့်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် နိုင်ငံသားများ၊ အသက် (၁၀) နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Unique ID ကောက်ယူခြင်းလုပ်ငန်းကို လမင်းစီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ အချိန်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်ပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသက်စိုးက နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ထုတ်ပေးရခြင်းနှင့်ပက်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လဝက ဦးစီးမှူး ဦးအေးကျော်က နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိခြင်းဖြင့် နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်တို့က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းနှင့် ဦးဇွဲရန်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသက်စိုး၊ မြို့နယ်ဦးစီးမှူး ဦးအေးကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင် ဦးခင်မောင်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်နှင့် အ.ထ.က(၄) ကျောင်းအုပ် ဆရာမကြီးတို့က ကျောင်းသား/သူ (၁၄၈)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်များ နှင့်UID ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)