ဒဂုံဆိပ်ကမ်း ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ တုံ့ပြန်နိုင်ရန်အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့များစုဖွဲ့ခြင်း၊ ကယ်ဆယ်ရေးစခန်းများ ကြိုတင်သတ်မှတ်ခြင်း၊ အရေးပေါ်ဆက်သွယ်ရန် နည်းလမ်းများချမှတ်ခြင်း၊ ကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို အသင့်အနေအထားဖြစ်အောင် ပြင်ဆင်ထားရှိခြင်းနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံ့နက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါအရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဖြိုးသူမောင်က ၂၀၂၆ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသခန့်မှန်းချက်စင်တာ၏ ခန့်မှန်းချက်များအရ အားကောင်းသော အယ်လ်နီညိုနှစ် ဖြစ်ပေါ်လာနိုင်ကြောင်း၊ အယ်နီညိုဖြစ်စဉ်များကြောင့် ရာသီဥတုဖောက်ပြန်လာနိုင်ပြီး သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ပြင်ဆောင်ရွက်မှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ ပြင်ဆင်ထားရှိမှုအား ကြည့်ရှုခဲ့ကြပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့ဝင်များက အရေးပေါ်ရှာဖွေကယ်ဆယ်ခြင်း၊ အရေးပေါ်ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်ခြင်း၊ လူနာသယ်ဆောင်ခြင်း လုပ်ငန်းများအား လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)