မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂ဝ၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား တက်ရောက်

မော်လမြိုင် ဇူလိုင် ၃

၂၀၂၆ခုနှစ် ဇူလိုင်လ(၃)ရက် ယနေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီ အဖွဲ့ဝင်များနှင့် အမျိုးသမီးအရေးကိစ္စများကို ဆောင်ရွက်နေကြသော အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်သည်။

ဦးစွာ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ “ဂုဏ်ယူဝင့်ကြွားမြန်မာ အမျိုးသမီးများ” တေးသီချင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ စွမ်းဆောင်ရည်မြင့်မားစေရေးနှင့် အကာအကွယ်ပေးရေး ဆိုင်ရာ လုပ်ငန်းများ၏ အရေးကြီးမှုကို ပြည်သူလူထုမှ သိရှိနားလည်ကာ ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ပြီး နှစ်စဉ်နှစ်တိုင်း အမျိုးသမီးများနှင့်ပတ်သက်သော အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလျက်ရှိကြောင်း၊  လက်ရှိတွင်လည်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ဝန်ကြီးဌာနကို သီးသန့်ဖွင့်လှစ်ထားပြီး အစိုးရသစ်၏ ဦးဆောင်မှုဖြင့် နိုင်ငံအတွင်း အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊  မြန်မာအမျိုးသမီးများသည် မိသားစုတာဝန်များသာမက နိုင်ငံတော် ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးတို့ အပါအဝင်  ဘက်ပေါင်းစုံကနေ ပါဝင်ထမ်းဆောင် နေကြသည့်အတွက် လေးစားဂုဏ်ယူ မိပါကြောင်း၊ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါသည့်အတွက် အမျိုးသမီးများရဲ့ဘဝ ဖွံ့ဖြိုးရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကျား/မ တန်းတူညီမျှရေးနဲ့ အမျိုးသမီးများအား အကြမ်းဖက်မှုမှ တားဆီးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက်  မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clipအား ပြသနေမှုများကို ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ထူးချွန်ဆုရအမျိုးသမီးများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာမှ မူကြိုဆရာမလေးများက “ ဗမာမလေးပါရှင်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးပြီး မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကက ဖျော်ဖြေတင်ဆက်ပေးသူများအားဂုဏ်ပြုဆုငွေများ ပေးအပ်ကာ ခန်းမအတွင်း ခင်းကျင်းပြသထားသော လူမှုဝန်ထမ်းဦးစီးဌာ လက်အောက်ရှိ အိမ်တွင်းမှုကျောင်းနှင့် မော်လမြိုင်မြို့ OSWSC တို့မှ ထုတ်ကုန်များနှင့် အမျိုးသမီးရေးရာအဖွဲ့များ လှုပ်ရှားဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)