နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် ဦးခင်မောင်လတ် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေနှင့် စပ်လျဉ်း၍ အသိပညာမျှဝေ ဆွေးနွေးခြင်းအခမ်းအနား တက်ရောက်

နေပြည်တော် ဇူလိုင် ၃

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခိုင်မာအားကောင်းသော စီးပွားရေးရပ်ဝန်း တည်ဆောက်နိုင်ရန် ရည်ရွယ်၍ “မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း အခမ်းအနား”ကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး၌ကျင်းပရာ ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဦးမင်းဦး၊ ဦးခင်မောင်လတ်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးဥက္ကဋ္ဌ၊ အသင်းအဖွဲ့များနှင့် ကုမ္ပဏီ/လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက အမှာစကားပြောကြားရာတွင် မြို့/ရွာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်သည် ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို Smart City ဖြစ်စေရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် ဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်ကာ Smart Company၊ Smart Organization များ ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများဥပဒေကို လိုက်နာကျင့်သုံးရာတွင် MyCo စနစ်ကဲ့သို့ အွန်လိုင်းနည်းပညာစနစ်သစ်များကို ကျွမ်းကျင်စွာ အသုံးချတတ်ရန်လည်းလိုအပ်ပါကြောင်း၊ စီးပွားရေးအင်အား တောင့်တင်းမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကောင်းမွန်မည်ဖြစ်၍ နိုင်ငံတော်အစိုးရနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံမိဘပြည်သူများကပါ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပွင့်ဟန်က “မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂ဝ၁၇)နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သျှင်ဦးမောင်(ဒက္ခိဏ)