တာမွေ ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုးသယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး တာမွေမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စီစဉ်ကျင်းပသော " မိုးနှောင်းဆောင်းဦး အဖျားကြူးလျှင် " စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာမ မြမဉ္ဇူဝေ (ကျုံမငေး) က စာရေးဆရာ ဆင်ဖြူကျွန်း ကျော်လှိုင်ဦး ရေးသားသည့် “မိုးနှောင်းဆောင်းဦး အဖျားကြူးလျှင်” နှင့် အခြားကျန်းမာရေးဆောင်းပါးများ စာအုပ်မှ “လူသားတစ်ယောက်အတွက် ကျန်းမာရေးကောင်းမွန်ခြင်းသည် အလွန်အရေးကြီးကြောင်း”နှင့်ပတ်သက်၍ အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော တာမွေမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များကလည်း စာရေးဆရာ ဆင်ဖြူကျွန်း ကျော်လှိုင်ဦး ရေးသားသည့် “မိုးနှောင်းဆောင်းဦး အဖျားကြူးလျှင်” နှင့် အခြားကျန်းမာရေး ဆောင်းပါးများစာအုပ်တွင် ပါဝင်သော ကျန်းမာရေးဆိုင်ရာအကြောင်းအရာများနှင့် ပတ်သက်၍ တစ်ဦးချင်းစီအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင် (ပြန်/ဆက်)