ရန်ကုန် ဇန်နဝါရီ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အသစ်ပြန်လည်ရွေးချယ်မည့်ကိစ္စနှင့် ပတ်သက်၍ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေး နှင့်ပတ်သက်သည့် ဥပဒေပုဒ်မများအား အသိပညာပေး ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဥပဒေအရာရှိတို့က ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများနှင့်အညီ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ ရွေးချယ်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရေး၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့တွင် ပြည့်စုံရမည့် အရည်အချင်းများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေး ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ဌာနဆိုင်ရာများက တက်ရောက်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေး ရုံးမှသိရသည်။
နေခြည်လင်း(ပြန်/ဆက်)