မိုင်းယန်းခရိုင် မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလှုပ်ရှားမှု ကွင်းဆင်းကြည့်ရှုအားပေး

မိုင်းယန်း ဇူလိုင် ၃

၂၀၂၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး စာတတ်မြောက်ရေးလှုပ်ရှားမှုလုပ်ဆောင်ရာတွင် မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး စာတတ်မြောက်မှုနှုန်းတိုးတက်စေရန် ကျေးရွာစာသင်ဝိုင်းများဖြင့် သင်ကြားဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ ညနေ ၆ နာရီက မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ယန်းခိုင်ကျေးရွာစာသင်ဝိုင်းနှင့် ဝမ်တောင်းကျေးရွာစာသင်ဝိုင်းများသို့ တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် သက်ကြီးစာတတ်မြောက်သူဦးရေတိုးတက်စေရန်၊ စာဖတ်တတ်ပြီးသောသူများ၏ စာဖတ်တတ်မှုအဆင့်ကိုထိန်းသိမ်းထားနိုင်ရန်၊ စာတတ်မြောက်ခါစသူများအတွက် စာဖတ်ရှိန်နှင့် စာဖတ်စွမ်းရည်တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားလာစေရန်၊ စာဖတ်ဝါသနာ တိုးပွားလာစေရန်နှင့် အသိပညာများဖွံ့ဖြိုး၍ အတွေးအခေါ်များတိုးတက်ပြောင်းလဲလာစေရန်ရည်ရွယ်၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံး၏ လမ်းညွှန်ချက်နှင့်အညီ ကျေးရွာစာသင်ဝိုင်း(၂)ဝိုင်းနှင့် မြို့ပေါ်ရပ်ကွက်(၁)ဝိုင်းတို့တွင် သင်ကြားပေးနေမှုအခြေအနေများကို မိုင်းယန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်၊ ခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်ချိုချိုခိုင်၊ မြို့နယ်အဆင့် စာတတ်မြောက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့်အဖွဲ့ဝင်များတို့မှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စာသင်ဝိုင်းများအား (၂၂-၆-၂၀၂၆)ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး (၃၁-၇-၂၀၂၆)ရက်နေ့အထိ ရက်ပေါင်း(၄၀) သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွန်းထွန်းထူး