ညောင်ရွှေ ဇူလိုင် ၃
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ အင်းလေးကန်ရေရှည်တည်တံ့စေရန်နှင့် သစ်တောသစ်ပင်များ ပြုန်းတီးမှုမှ ကာကွယ်ရန်အတွက် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် (၃) ရက် နံနက် (၈) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် သဲကျင်းကျေးရွာ အင်းလေးကန်အရှေ့ကြိုးဝိုင်းကာကွယ်တော၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများထံသို့ ပျိုးပင်များပေးအပ်ခဲ့ကြသည်။
ထိုနောက် သစ်ပင်စိုက်ပျိုးပွဲတက်ရောက်လာသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူလေးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက အော်ရီးရှား၊ မာတာကွက်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မယ်ဇလီ ပျိုးပင်စုစုပေါင်း (၁၀၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ