တောင်ကြီး ဇူလိုင် ၃
ယာဉ်မောင်းများနှင့် လမ်းသွားလမ်းလာများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ ယာဉ်တိုက်မှုအန္တရာယ်များကို လျှော့ချနိုင်ရန်နှင့် ယာဉ်ကြောပိတ်ဆိုမှုမရှိစေဘဲ သွားလာရေး ပိုမိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ မိတ္ထီလာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်လမ်း၌ လမ်းညွှန်း၊ လမ်းအမှတ်သားများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဇူလိုင်လ (၂) ရက်နေ့၊ နေ့လယ်ပိုင်းက ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယာယီရှင်းလင်းဆောင်၌ မိတ္ထီလာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်လမ်းတစ်လျှောက် လမ်းညွှန်း၊ လမ်းအမှတ်သားများ ဆောင်ရွက်ခြင်း၏ လုပ်ငန်းပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများအားလည်းကောင်း တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိတ္ထီလာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်လမ်းတစ်လျှောက် လမ်းညွှန်း၊ လမ်းအမှတ်သားများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်လျှက်ရှိသည့်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် တောင်ကြီးမြို့အတက်လမ်း နိုင်လွန်ကတ္တရာလမ်းပြုပြင်ပြီးစီးမှုနှင့် မြေထိန်းနံရံ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
မင်းသန့်(ပြန်/ဆက်)