ပုသိမ်ကြီးမြို့နယ် ပန်းတင်ရေနုတ်မြောင်း သဲနုန်းတူးဖော်ခြင်းနှင့် ဆည်နယ်နိမိတ်တိုင် စိုက်ထူ

ပုသိမ်ကြီး ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ပြည်ထောင်စု (ငွေလုံးငွေရင်း)ဖြင့် ဆောင်ရွက်‌သော ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မန္တလေး - ပုသိမ်ကြီး ကားလမ်းဘေးရှိ ပန်းတင်ရေနုတ်မြောင်း သဲနုန်းတူးဖော်ခြင်းနှင့် ဆည်နယ်နိမိတ်တိုင်စိုက်ထူခြင်းလုပ်ငန်းများကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ပန်းတင်ရေနုတ်မြောင်းသည် မိုးရာသီအချိန်တွင် သဲနုန်းများပို့ချခြင်း၊ ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်များ ပိတ်ဆို့ခြင်းတို့ကြောင့် ရေစီးရေလာဟန့်တားမှု၊ နှောက်ယှက်မှုများ ဖြစ်ပေါ်ကာ လယ်ယာမြေများနှင့် ကျေးရွာများ မကြာခဏရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး မြောင်းနယ်နိမိတ်အတွင်း ကျူးကျော်၍ ခြံစည်းရိုးကာရံခြင်း၊ အဆောက်အဦး ဆောက်လုပ်ခြင်းများလည်း တွေ့ရှိရ၍ ပန်းတင်ရေနုတ်မြောင်း ပေတိုင်-၀ မှ ပေတိုင်- ၄၅၅၀ အထိ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများကို ဌာနမှစက်ယန္တယားကြီးများ အသုံးပြုဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ရေစီးရေလာကောင်းမွန်ပြီး စိုက်ခင်းများနှင့် လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်ဖြစ်ကာ စိုက်ပျိုးမြေဧရိယာ ဧက ၄၀၃၀ ခန့်အား ရေဘေးကာကွယ်နိုင်မည်ဖြစ်သည်။

အဆိုပါလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုရာသို့ အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ထူးနှင့်အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေရန်ကင်း