မြစ်သား ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကိုမေ ၁၅ ရက် နေ့မှစတင်၍ ထုတ်ချေးပေးခဲ့ရာ ဇူလိုင် ၃ ရက် နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ရှေ့ဦးစွာ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းနှင့်ပတ်သက်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်ချောစုလှိုင်က ချေးငွေညွှန်ကြားစာပါစည်းကမ်းချက်များနှင့်အညီ ယခင်နှစ်ချေးငွေကြွေးကျန်အားလုံး ပြန်လည်ပေးဆပ်ပြီးသော တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက်မြို့နယ်အတွင်းရှိ ယခင်နှစ် ၂၀၂၅ မိုးချေးငွေများပြေကျေ စွာပေးဆပ်ပြီးသော ကျေးရွာအုပ်စုများရှိ တောင်သူ ပေါင်း ၂၀၂၈ ဦး၏ ဧကပေါင်း ၉၄၀၈ ဧက အတွက် စပါးတစ်ဧကလျှင်သုံးသိန်းနှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် နှစ်သိန်းခွဲနှုန်းဖြင့် ချေးငွေကျပ်သိန်း ၂၇၆၅၉ ဒသမ ၅၀ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ကျေးရွာအုပ်စုများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦး ထံမှသိရသည်။
ဝါဝါမြင့်(မြစ်သား)