သာစည်မြို့နယ်ရှိ ဆိုလာစက်ရုံများ မီးဘေးလုံခြုံရေးလုပ်ငန်းများဆောင်ရွက်

သာစည် ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းမီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂ ရက်နံနက်က သာစည်ဆိုလာစက်ရုံနှင့် သပြေဝဆိုလာစက်ရုံများတွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား စစ်ဆေးအကြံပြုခြင်းများနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြသခဲ့ကြောင်းသိရသည်။

ဦးစွာ သာစည်ဆိုလာစက်ရုံတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်းက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ၁၉၁ application ထည့်သွင်းအသုံးပြုနည်းများ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် စက်ရုံအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို အကြံပြု ဆွေးနွေးကာ စက်ရုံတာဝန်ရှိသူများ၊ စက်ရုံဝန်ထမ်းများနှင့်ပူးပေါင်း၍ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြသခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက သပြေဝဆိုလာစက်ရုံတွင် မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထွန်းထွန်း(သာစည်)