မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ကြိုတင်ကာကွယ်တားဆီးရန် နှာခေါင်းစည်း(Mask) တပ်ဆင်ကြရေး Mask Campaign ပြုလုပ်

မိုင်းယောင်း    ဇန်နဝါရီ     ၂၂

ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် အပြင်ထွက်ပြီး သွားလာပါက နှာခေါင်းစည်း (Mask)ကို မဖြစ်မနေတပ်ဆင်၍ သွားလာမှုရှိစေရန် Mask တပ်ဆင်ရေးဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့သည် Mask Campaign လှုပ်ရှားမှုကို ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် တြိဂံလမ်းဆုံနေရာ၌ ပြုလုပ်ခဲ့ကြသည်။

 “အပြင်ထွက်ပြီး သွားလာတဲ့အခါတိုင်း Mask ကို မဖြစ်မနေတပ်ဆင်ရန်၊ ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ကာကွယ်တားဆီးနိုင်ဖို့ လူစုလူဝေးသို့ သွားလာမှုမှ ရှောင်ကြရန်၊ အပြင်ကိုမလိုအပ်ဘဲ မထွက်ပါနှင့် တစ်ခုခုကို ထိတွေ့ကိုင်တွယ်ပြီးပါက လက်ဆေးရန်” စသည့် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်းကိုမတပ်ဘဲ သွားလာနေသူများကို နှာခေါင်းစည်းတပ်ပြီး သွားလာမှုရှိစေရန် Mask တစ်ခုကို နှစ်ရာကျပ်နှုန်းနဲ့ ချက်ချင်းဝယ်ယူပြီး တပ်၍သွားလာစေခဲ့ကြောင်း Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ Mask Campaign လှုပ်ရှားမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ Mask တပ်ဆင်ရေးဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့တို့က ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)