ကျောက်ပန်းတောင်း ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် စကားဝါမြေ ဖောင်ဒေးရှင်းမှ ကျောက်ပန်း တောင်းမြို့ ဘိုးဘွားရိပ်သာနေ အဘိုး၊ အဘွားများအတွက် တစ်ရက်စာ အာဟာရ သုံးနပ်စာနှင့် ရေ၊ မီး၊ ဆေးဖိုးများကို ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီက ရေထွက်ကျေးရွာအနီးရှိ အဆိုပါ ဘိုးဘွားရိပ်သာတွင် လာရောက်လှူဒါန်းသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ဦးခင်ဇော်(ပညာရေး-ငြိမ်း)နှင့် ဒေါ်မာမာသိန်း ဇနီးမောင်နှံတို့မှ ဦးဆောင်၍ အလှူရှင်များ စုပေါင်းမတည်မှုဖြင့် လယ်ယားတောင် ကျေးရွာအုပ်စု၊ ရေထွက် ကျေးရွာအနီး၌ တည်ဆောက်ခဲ့သည့် ဘိုးဘွားရိပ်သာတွင် သက်ကြီးရွယ်အို အဘိုး၊ အဘွား ၄၀ ရှိပြီး နေ့စဉ် အာဟာရနှင့် သောက်ရေ၊ လျှပ်စစ်မီးနှင့် ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်များကို၊ အလှူရှင်များ လှူဒါန်းမှုတို့ဖြင့် ရပ်တည်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ကျောက်ပန်းတောင်းမြို့နယ် စကားဝါမြေဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးလှဌေး၊ ဘဏ္ဍာရေးမှူး ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက အဆိုပါ ရိပ်သာနေ အဘိုးအဘွားများ အတွက်၊ တစ်ရက်စာ အာဟာရ သုံးနပ်စာနှင့် ရေ၊ မီး၊ ဆေးအတွက် ငွေကျပ် ၆ သိန်းကို ရိပ်သာတာဝန်ခံ ဒေါ်မာမာသိန်းထံ ပေးအပ်လှူဒါန်းသည်။ ယင်းနောက် အလှူရှင်အဖွဲ့များက နေ့လယ်စာ သုံးဆောင်နေကြသည့် အဘိုး၊ အဘွားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)