ပျော်ဘွယ် ဇူလိုင် ၂
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူစာကြည့်တိုက်သို့ စာပေအမြဲလာရောက်ဖတ်ရှုနေသည့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ဇူလိုင်လ ၂ ရက်၊ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင်များက စာရေးဆရာနန္ဒာသိန်းဇံ ရေးသားသည့် ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း စာအုပ်ကိုဖတ်ရှုပြီးနောက် မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက အတွေးအခေါ်ကောင်းများဖြင့် ဘဝ၏အခက်အခဲများကို ရင်ဆိုင်ဖြတ်ကျော်နိုင်ရေး၊ တွေဝေစိတ်များကို ကျော်လွှားနိုင်ရေး၊ မြင့်မြတ်သည့်ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်နိုင်ရေးနှင့် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်ရေး စသည့် အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး(ပျော်ဘွယ်)