ချောင်းဆုံ ဇူလိုင် ၂
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများတစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းဝင်ငွေတိုးစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တိရစ္ဆာန်အာဟာရဗေဒသင်တန်းကို ယနေ့နံနက်ပိုင်းက ကွမ်သဲကျေးရွာ Cyclone Shutter ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မွေးမြူရေးလုပ်ငန်းများရှိ ကြက်၊ ဝက်၊ နွား၊ ဆိတ်များအား ကုန်ကျစရိတ်သက်သာ၍ အာဟာရမျှတစေရန်အတွက် အသက်အပိုင်းအခြားအလိုက် ကျွေးမွေးရမည့်နည်းလမ်းများ၊ ရာသီအလိုက် ရောဂါကာကွယ်ရမည့်နည်းလမ်းများ ပညာပေးခြင်းနှင့် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာနွှဲနွှဲရီမှ နည်းပြအဖြစ် ဆောင်ရွက်ကာ သင်တန်းသား၊ သင်တန်းသူ (၁၅) ဦးတို့အား ဇူလိုင် ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ၂ ရက်ကြာပိုချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)