ဗိုလ်တထောင် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၆) အခြေခံပညာမူလတန်းကျောင်းဝန်းတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၀၉:၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းမှ ပျိုးပင်များအား ဗိုလ်တထောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆောင်ထံသို့လည်းကောင်း၊ ဗိုလ်တထောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ရှိန်မှ ပျိုးပင်များအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာထွန်းထံသို့လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးကျော်မှ ပျိုးပင်များအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းစိုးထံသို့လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆောင်မှ မြို့နယ်ပညာရေးမှူးတာဝန်ခံ ဒုတိယပညာရေးမှူး ဦးနိုင်လင်းထံသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး သတ်မှတ်နေရာများတွင် နေရာယူ၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
ထိုအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးကျော်၊ ဗိုလ်တထောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ခိုင်ခိုင်ရှိန်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာထွန်းနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းနှင့် ၁၀ နာရီခွဲ အချိန်တွင် သစ်ပင်စိုက်ပွဲအခမ်းအနားပြီးမြောက်ကြောင်း သိရသည်။
ခင်ဝင်း (ပြန်/ဆက်)