ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ လှည့်လည် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

လွိုင်ကော်၊ မတ် ၂၇

လက်ရှိဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လွိုင်ကော်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လွိုင်ကော်မြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်က အသံချဲ့စက် မော်တော် ယာဉ်များဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။

ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ လျင်မြန်စွာကူးစက်ပျံနှံ့လာနေမှုကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအပေါ် ကျရောက်လာနိုင်သည့် ဤကူးစက်ရောဂါအန္တရာယ်ကို ကြိုတင်၍ ထိရောက်စွာကာကွယ် ထိန်းချုပ် ကန့်သတ် သွားနိုင်ရန်အတွက် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့လေကြောင်း လိုင်းများဖြင့်လည်းကောင်း၊ တရားဝင်ဖွင့်လှစ်ထားသည့် နှစ်နိုင်ငံနယ်စပ် ဂိတ်များမှလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် လာကြမည့် မြန်မာနိုင်ငံသားအားလုံးကို မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန် ထားသော(၁၄)ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှု ပြုလုပ် သွားမည်ဖြစ်ပါ၍ တိကျစွာ လိုက်နာကြရန်၊ ပြည်သူ တစ်ဦးချင်းအနေဖြင့် စိုးရိမ်စိတ်လွန်ကဲခြင်းမရှိဘဲ စနစ်တကျ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အတွက် ရောဂါ၏ကူးစက်တတ်သည့် နည်းလမ်းတွေကိုသိဖို့ရန် ၊ မိမိကိုယ်တိုင်လိုက်နာရမည့်အချက်တွေသိဖို့ရန်၊ ကျန်မာရေး နှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ အသေးစိတ်ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးအချက်များကို တိကျစွာလိုက်နာ ကြရန်၊ သက်ဆိုင်ရာ ဌာနများက ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ရေးအတွက် လက်များ ကို မကြာခဏစင်ကြယ်အောင် ဆေးကြောကြရန်၊ ပြည်သူများအနေဖြင့် မိမိကိုယ်တိုင်မှာသော်လည်းကောင်း အခြားသူများမှာသော်လည်းကောင်း သံသယလက္ခဏာများ တွေ့ရှိပါက တစ်ဦးနှင့်တစ်ဦးခွဲခြားဆက်ဆံခြင်း မပြုဘဲကူညီဖေးမ အသိပေးကြရန်၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ သံသယဖြစ်ဖွယ် ဖျားနာ လူနာတွေ့ရှိပါက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး များထံ အကြောင်းကြားကြရန်၊ ကောလဟလ သတင်းမှား များကို သတိပြုကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ရှား၍ တတ်နိုင်သမျှ မိမိတို့၏အိမ်များ တွင်သာ နေထိုင်ကြရန် စသည့်တို့အား အသံချဲ့စက်ဖြင့် မြို့တွင်းသို့ လှည့်လည် အသိပေးခြင်းများ နှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ  လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုကို လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးရန်နိုင်ဝင်း က ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရွှေလွိုင်ကော် (ပရဟိတအသင်း)၊ လူမှုရေး အသင်းများတို့က ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထွန်းလေး