သထုံ ဇူလိုင် ၂
ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ မွန်ပြည်နယ်ဥပဒေချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းဖွင့်လှစ်သော ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သုဝဏ္ဏစုပေါင်းခန်းမ၌ ယမန်နေ့နံနက်က ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က လူတိုင်းဥပဒေအသိပညာရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် မိမိတို့တာဝန်ထမ်းဆောင်ရာ ဒေသရှိ ပြည်သူများထံသို့ ဥပဒေအသိပညာများ ထပ်ဆင့်ဖြန့်ဝေနိုင်ရေး ရည်ရွယ်ကာ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ပြည်သူများ ဥပဒေအသိပညာရှိလာသည်နှင့်အမျှ တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး၊ မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်၊ ပြည်နယ်ဥပဒေအရာရှိနှင့် ဒုတိယပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ ဖြစ်ကြသည့် သထုံမြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၅၄) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် သထုံခရိုင်နှင့် သထုံမြို့နယ်ဥပဒေရုံးတို့မှ ဥပဒေအရာရှိများက ဥပဒေရေးရာဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)