မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး သထုံမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲ တက်ရောက်

သထုံ ဇူလိုင် ၂

မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးသည် ယမန်နေ့ နံနက်ပိုင်းက သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သုဝဏ္ဏစုပေါင်းခန်းမ၌ ပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲသို့ တက်‌ရောက်အားပေးခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးသည် သုဝဏ္ဏစုပေါင်းခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ယခုသင်တန်းမှရရှိသည့် အတွေ့အကြုံဗဟုသုတများကို လက်တွေ့အသုံးချပြီး ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ ပြည်သူ့ဘဝလုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားပြီး တက်ရောက်လာသူတို့နှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၄ အုပ်စုတို့မှ အုပ်ချုပ်ရေးမှူး ၅၄ ဦးတို့ တက်ရောက်ကြမည်ဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးတို့အတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တောင်သူများအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုများကို တောင်သူလက်ဝယ်အချိန်မီရောက်ရှိရေး၊ ‌လယ်ယာမြေများ မိုးအခါရေကြီးရေလျှံမှု ကင်းဝေးအောင်နှင့် နွေကာလ စိုက်ပျိုးရေရှိရေးတို့အတွက် ဆည်‌တာတမံနှင့် ချောင်းမြောင်းများ ကောင်းမွန်ရေးတို့ကို အလေးထားဆောင်ရွက်ပေးကြစေလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်နှင့် တာဝန်ရှိသူတို့က သထုံခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေတို့ကို ကဏ္ဍအလိုက်ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)