ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်း

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ‌ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များ အခက်အခဲမရှိ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဆွေးနွေး ညှိနှိုင်းခြင်း ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဇော်သိန်းက အဖွင့် အမှာစကား ပြောကြားပြီး ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ဥပဒေအရာရှိ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးတို့က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေပါအကြောင်းအရာများ၊ အိမ်ထောင်စုစာရင်းဆိုင်ရာကိစ္စရပ်များ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး ရွေးချယ်ရေး ဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်တို့ကိုရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် (၉)ရပ်ကွက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ခြင်းကို လာမည့် ဇန်နဝါရီ (၃၀)ရက်နှင့် (၃၁)ရက်နေ့များတွင် သက်ဆိုင်ရာရပ်ကွက် အလိုက် စတင်ရွေးချယ် ဆောက်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)