အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ ထောက်ပံ့သည့် COVID ကာကွယ်ဆေးများ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ

ရန်ကုန် ဇန်နဝါရီ ၂၂

အိန္ဒိယအစိုးရကမြန်မာနိုင်ငံသို့ထောက်ပံ့သည့် Serum Institute of India (SII) မှထုတ်လုပ်သော COVID ကာကွယ်ဆေး ၁ ဒသမ ၅ သန်း သည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် Air India (A1 1234) လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပထမဦးဆုံး ရောက်ရှိလာရာ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Shri Saurabh Kumar နှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံသို့  လေဆိပ်တွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်ရောဂါကာကွယ်ဆေးများသည် ပြည်သူခုနှစ်သိန်းခွဲအတွက် လုံလောက်ပြီး လူတစ်ယောက်လျှင် နှစ်ကြိမ် ထိုးရမည်ဖြစ်သည်။ ပထမအကြိမ်ထိုးပြီးနောက် ၂၈ ရက်ကြာ တွင် နောက်တစ်ကြိမ် ထပ်မံထိုး ရမည်ဖြစ်သည်။

အဆိုပါ ကိုဗစ်ရောဂါကာကွယ်ဆေးများအတွက် နိုင်ငံတော်က ကျပ်သန်းတစ်ထောင် မတည်ထားပြီး၊ စေတနာရှင်၊ အလှူရှင်များက ကျပ် ၁၈ ဒသမ ၇၈၁ ဘီလီယံ ထည့်ဝင်လှူဒါန်း ထားကြောင်း၊ ကိုဗစ်ကာကွယ်ဆေးများ မကြာမီ ဆက်လက် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်ကာကွယ်ဆေးများကို မကြာမီကာလအတွင်း ပြည်သူများသို့ထိုးပေးတော့မည်ဖြစ်ရာပြည်သူများ အနေဖြင့် ကာကွယ် ဆေးရောက်ရှိပြီးဆို၍ ပေါ့ဆစွာမနေကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း ဆက်လက်၍ မိမိကိုယ်မိမိကာကွယ်ခြင်း၊ မျက်နှာဖုံးတပ်ဆင်ခြင်း၊ လက်များမကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေးနေရာများ သွားလာခြင်းမှ ရှောင်ရှားခြင်း ခပ်ခွါခွါနေခြင်း တို့ကိုဆက်လက်လိုက်နာရန် လိုအပ် ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)