မော်လမြိုင် ဇူလိုင် ၁
မွန်ပြည်နယ်အတွင်း သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်စေရေးနှင့် ရာသီဥတုပြောင်းလဲမှု ကာကွယ်နိုင်ရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အကြိုအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ၊ အားကစားဥယျာဉ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ၂ဝ၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အထောက်အကူပြုဆောင်ရွက်ရန် လိုအပ်မှုတို့နှင့်ပတ်သက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်တွင်ရှိသည့် သက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါကြောင်း၊ သစ်ပင်သစ်တောများသည် လူသားများအပါအဝင်သက်ရှိများ အသက်ရှင်သန်ရေးအတွက် အဓိကလိုအပ်သည့် အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးရုံသာမက ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကို လေထုအတွင်းမှ စုပ်ယူဖယ်ရှားပေးကြောင်း၊ သစ်ပင်သစ်တောများသည် ရာသီဥတုမျှတရေး၊သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ ရေနှင့် မြေဆီလွှာထိန်းသိမ်းရေးစသည့် ဂေဟစနစ်ဝန်ဆောင်မှုများ ညီညွှတ်မျှတရေးကို စဉ်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိကြောင်းနှင့် သစ်ပင်သစ်တောများ ရေရှည်ရှင်သန်ရေး၊ ထိန်းသိမ်းရေး၊ ရှင်သန်မှုမရှိသည့်အပင်များကို အစားထိုး ဖြည့်တင်းစိုက်ပျိုးရေး၊ သစ်တောဖုံးလွှမ်းမှုဧရိယာများ တိုးတက်စေရေးအတွက် ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်သွားကြရန်စသည်တို့ကို ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိအကြီးအကဲများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်၊ သူနာပြု/ သားဖွားသင်တန်းကျောင်း၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ၂ဝ၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်အနေဖြင့် မန်ဂျန်ရှား၊ မဟော်ဂနီစသည့်သစ်အမျိုးအစား စုစုပေါင်း (၁၁၂၀)ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် ပြည်ဝန်ကြီးချုပ်က မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် တက်ရောက်လာကြသူများက တပျော်တပါး သစ်ပင်စိုက်ပျိုးနေမှုတို့အား လိုက်လံလှည့်လည်ကြည့်ရှုအားပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်