တိုက်ကြီး ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လှုပ်ရှားမှု Yellow Colour Mask Campaign ကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလှုပ်ရှားမှု Yellow Colour Campaign ကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ဦးဆောင်သော ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ က “STOP COVID-19” ၊ “Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုတစ်ဦး အသိပေးပါ၊ သတိပေးပါ” စသည့် စာတန်းပါ အဝါရောင်အင်္ကျီများကို ဆင်တူဝတ်ဆင်ကာ မြို့နယ်အတွင်းရှိ မြို့မဈေး၊ ဆိုက်ကား ဂိတ်၊ ဆိုင်ကယ် ကယ်ရီဂိတ်၊ ကားဂိတ် နှင့် ဖြတ်သန်းသွားလာနေသော ပြည်သူ များအား ကိုဗစ် - ၁၉ ရောဂါအသိပညာပေးလက်ကမ်းပိုစတာများ၊ ပါးစပ်/နှာခေါင်းစည်း (Mask)များကို အခမဲ့ အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လိုက်နာ နေထိုင်သွားလာလျက်ရှိသဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု နှုန်းမှာ လျော့ကျလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)