မော်လမြိုင် ဇူလိုင် ၁
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက Strand Hotel ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမက အစားအစာနှင့် အဖျော်ယမကာဧည့်ခံကျွေးမွေးရေးသင်တန်းသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော အခန်းကဏ္ဍမှ ပါဝင်၍ ဟိုတယ်သို့ လာရောက်တည်းခိုသောဧည့်သည်များသည် သန့်ရှင်းလတ်ဆတ်ပြီး အရသာကောင်းမွန်သော အစားအစာများနှင့် အရည်အသွေးမြင့်ဝန်ဆောင်မှုကို မျှော်လင့်ထားလျက်ရှိပါကြောင်း၊ အစားအစာနှင့် အဖျော်ယမကာဧည့်ခံကျွေးမွေးရေးသင်တန်းသည် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများတွင် ဧည့်သည်ကျေနပ်မှုရရှိစေရန်၊ ဝန်ဆောင်မှု အရည်အသွေးမြှင့်တင်ရန်၊ ဂုဏ်သတင်းတိုးတက်စေရန်၊ ဝင်ငွေတိုးပွားစေရန်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် အလွန်အရေးကြီးသောအခန်းကဏ္ဍမှပါဝင် လျက်ရှိနေသည့်အတွက် သင်တန်းသား/သင်တန်းသူများအနေဖြင့် ဒီသင်တန်းများမှာ သင်ကြားပြသပေးသည့် အသိပညာဗဟုသုတများကို ထိထိရောက်ရောက် စိတ်ပါဝင်စားစွာ လေ့လာသင်ယူပြီး မိမိတို့၏ကျွမ်းကျင်မှုကို မြှင့်တင်ပေးရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ရုံး ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၄၀) ဦးဖြင့် သင်တန်းကာလာ (၁၀) ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)